Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • အလုပ်အကိုင်များ
  • ͏ +1 555-555-5556 [email protected]
  • Sign in

စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုစီမံခန့်ခွဲကြမလဲ

  • All Blogs
  • Mental Health
  • စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုစီမံခန့်ခွဲကြမလဲ
  • 2024- စက်တင်ဘာ 5 by
    Hsu Pyae Sone

    စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုစီမံခန့်ခွဲကြမလဲ


    ရာသီဥတုကပူ၊နေကပြင်း၊ရင်လေးစရာတွေများနဲ့ ညညဆို သေချာမှ အိပ်ပျော်ကြရဲ့လား။တနေ့ထက် တနေ့ပိုပြီး စိုးရိမ်ပူပန်စရာတွေများနေတဲ့ ခေတ်ကြီးမှာ စိတ်လေးမှ မထားတတ်ရင် စိတ်ထောင်းကိုယ်ကြေဆိုသလို မအိပ်နိုင်၊မစားနိုင်နဲ့ သောကရတက်ပွေနေရမှာ အမှန်ပါပဲ။ဒါကြောင့်မို့ ယနေ့ခေတ်မှာ စိတ်ဖိစီးမှုတွေကို သေချာစွာ စီမံခန့်ခွဲနိုင်တတ်ဖို့ကလည်း အရေးကြီးလာပြန်ပါတယ်။

    ကဲ….ဒါဆိုရင် စိုးရိမ်ပူပန်မှုတွေ ဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ???


    (၁)အများကြီးမတွေးနဲ့

    မတွေးလို့ ဘယ်ရပါ့မလဲ။လုပ်စရာတွေ တပုံကြီးလေ လို့ ပြောချင်စရာရှိပါတယ်။လုပ်စရာတွေကို တွေးရမှာ မှန်ပေမယ့် မကောင်းတဲ့အတိတ်တွေ၊စိတ်ညစ်စရာတွေ၊မဖြစ်သေးတာတွေကို ထပ်ကာထပ်ကာတွေးနေမိရင် နေ့စဉ်လုပ်စရာတွေကိုတောင် မလုပ်နိုင်လောက်တဲ့အထိ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် အများကြီး မတွေးနဲ့ လို့  အရင်ဆုံးတိုက်တွန်းရခြင်းဖြစ်ပါတယ်။


    (၂)လက်ခံလိုက်ပါ

    မဖြစ်ချင်တာတွေ ဖြစ်နေရတာကိုက ဘဝကြီးပဲ မဟုတ်လား။တခါတလေ ကျွန်မတို့ ဘယ်လောက်ကြိုးစား၊ကြိုးစား မဖြစ်နိုင်တဲ့အရာတွေ၊ရှောင်လွှဲလို့ မရတာတွေရှိပါတယ်။အဲဒီအခါမှာ မဖြစ်သင့်ဘူး ဆိုပြီး ငြင်းပယ်နေမယ့်အစား ဘယ်တတ်နိုင်ပါ့မလဲဆိုတဲ့ စိတ်နဲ့ လက်ခံလိုက်တာ အရင်ဆုံး အေးချမ်းသွားစေပါတယ်။


    (၃)ပြောင်းလဲတတ်ပါစေ

    ငါကတော့ တသက်လုံး မွေ့ယာနဲ့ပဲ အိပ်လာတာဆိုပြီး မီးပျက်ပူအိုက်နေတဲ့အချိန် ချွေးတဒီးဒီးကျနေတဲ့ကာလမှာ ဇွတ်ခေါင်းမာပြီး မွေ့ယာနဲ့ပဲ အိပ်ချင်လို့မဖြစ်နိုင်ပါဘူး။တခါတရံ မွေ့ယာကိုပယ်ပြီး သင်ဖျူးဖျာနဲ့ အိပ်ရမယ့်အခိုက်အတန့်တွေလည်းရှိပါတယ်။ဒီအလုပ်မရမချင်း ငုတ်တုတ်ထိုင်စောင့်မယ်ဆိုတဲ့ commitment ရှိတဲ့စိတ်ကကောင်းပေမယ့် ဒီအလုပ်ကိုစောင့်ရင်း ဝမ်းစာအတွက် တခြားအရာတွေ ဖြည့်ထားခြင်းကို ကာလံဒေသံနဲ့အညီ ပြောင်းလဲနေထိုင်ခြင်းလို့ ကျွန်မ က ဆိုလိုချင်ပါတယ်။


    (၄)လေ့ကျင့်ခန်းလုပ်ပါ

    လေ့ကျင့်ခန်းဆိုလို့ဝိတ်မနေတဲ့သူတွေ၊Gym မှာဆော့ကစားတဲ့သူတွေကို ပြေးမမြင်ပါနဲ့။ကိုယ်လက်လှုပ်ရှားမှုအနေနဲ့ လမ်းလျှောက်တာလေးကလည်း လေ့ကျင့်ခန်းတခုပါပဲ။လေ့ကျင့်ခန်းလုပ်တဲ့သူဟာ တော်ရုံတန်ရုံ စိုးရိမ်ပူပန်မှုတွေကို မဖြုံတော့ပါဘူး။တက်ကြွသောစိတ် ကျန်းမာတဲ့ခန္ဓာကိုယ်နဲ့ လူသားတဦးဟာ အရာရာကို အကောင်းဖက်ကတွေးပြီး စိုးရိမ်မှုတွေကို စီမံခန့်ခွဲနိုင်မှာ အသေအချာပါပဲ။


    (၅)Social detoxing

    အရာရာက ခဏအနားယူလိုက်ပါ။စိတ်ဖိစီးမှုများရတဲ့အထဲ social media က ဟိုသတင်းတက်လာပြန်ပြီ၊ဒီသတင်းကြားပြန်ပြီဆိုရင် မုန့်လုံးစက္ကူကပ်သလို စိတ်ညစ်စရာတွေပိုတိုးလာမှာဖြစ်ပါတယ်။ဒါကြောင့်မို့ တခါတရံမှာ စိတ်ကိုရော၊ခန္ဓာကိုယ်ကိုရော၊social media ကိုရော အနာရပေးခြင်းဖြင့် ကိုယ့်ကိုယ်ကို အားမွေးရင်း တည့်မတ်တဲ့လမ်းကြောင်းတခုကို ပြန်လည်ရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။

    နောက်ဆုံးအနေနဲ့ အာဟာရရှိအောင်စားပြီး အိပ်ရေးဝအောင် အိပ်ဖို့လည်း မမေ့ကြနဲ့နော်။အခုပြောထားတဲ့ နည်းလမ်းတွေကိုသာ အသေအေချာလိုက်လုပ်မယ်ဆိုရင် ကျွန်မတို့တွေဟာ စိုးရိမ်မှုတိုင်းကို သက်ရောက်မှုအနည်းဆုံးနဲ့ အကောင်းဆုံးကျော်ဖြတ်နိုင်မှာ အသေအချာပါပဲရှင်။


    in Mental Health
    Healthy relationship လေးတွေ တည်ဆောက်ကြမယ်