Skip to Content
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
  • Sign in
    • Jobs
  • ͏ +1 555-555-5556 [email protected]
My-Medicine : Healthcare Service in AYA Pay
  • 0
  • 0
    • Jobs
  • ͏ +1 555-555-5556 [email protected]
  • Sign in

ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်

  • All Blogs
  • General Health
  • ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်
  • June 11, 2025 by
    Hsu Pyae Sone

    မိုးရာသီရောက်လာတာရော သရက်သီးပေါ်ချိန်ဖြစ်နေတာရောက ယင်ကနေတဆင့် သယ်ဆောင်ပျံ့နှံ့တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါကို အဖြစ်များစေပါတယ်။ ယင်နားစာတွေစားသုံးမိတာ၊ မသန့်ရှင်းတဲ့ လက်နဲ့ ကိုင်တွယ်ပြင်ဆင်ထားတဲ့ အစားအစာတွေစားမိတာ၊ မသန့်ရှင်းတဲ့ ရေသောက်မိတာကနေဖြစ်စေပါတယ်။ ဗိုင်းရပ်စ်ပိုး ဘက်တီးရီးယားပိုးတွေကြောင့် ဝမ်းလျှောစေပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်ရင်တော့  ပိုပြီးကူးစက်လွယ်ပါတယ်။

     ဝမ်းအကြိမ်အရေအတွက် တစ်ခါသွားတဲ့ ဝမ်းပမာဏ ဝမ်းအရောင်စတာတွေက ဝမ်းလျှောရောဂါမှာ အရမ်းအရေးကြီးပါတယ်။အကြိမ်အရေအတွက်များလာတာ ပမာဏများလာတာနဲ့ လူနာဟာ နုံးတာ၊ ရင်တုန်တာ၊ မူးဝေတာ၊ potassium ပိုတက်စီယမ် လို့ခေါ်တဲ့ သက်စောင့်ဓါတ်ကျလာပြီး ခြေလက်တွေ မလှုပ်ချင် မသယ်ချင် တဲ့ထိဖြစ်လာတတ်ပါတယ်။  ဗိုက်အောင့်တာ၊ အော့အန်တာ တွေခံစားရတတ်ပြီး အရမ်းပြင်းထန်လာရင်တော့ အဖျားတက်လာတာ သွေးပေါင်ကျတာ ဆီးနည်းသွားတာ အထိဖြစ်လာနိုင်ပါတယ်။ ဝမ်းအရောင် ဆန်ဆေးရေလိုဖြူနေတာ ဝမ်းသွားသွေးပါတာ ဒါမှမဟုတ် ကတ္တရာစေးလိုမဲနေတာ ရေလောင်းချရင်ဝမ်းအရောင် ရဲသွားတာ သွေးညှီနံ့ရတာမျိုးက ပုံမှန်ဝမ်းမဟုတ်တာကြောင့် ဆေးရုံချက်ချင်းသွားသင့်ပါတယ်။

     ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် အရေးအကြီးဆုံးက ဆုံးရှုံးသွားတဲ့ ရေဓါတ်ကို ပြန်ဖြည့်ပေးဖို့ပါ။ ရေများများသောက်ပေးပါ။ အကောင်းဆုံးက ဓါတ်ဆားပါ။ ဓါတ်ဆားတစ်ထုတ်ကို ရေတစ်လီတာနဲ့ ဖျော်ပြီး ဝမ်းတစ်ကြိမ်သွားတိုင်း 200ml ရေတစ်ဖန်ခွက်ပမာဏ ပြန်သောက်ပေးရပါမယ်။ အကြိမ်များရင် များသလို သောက်ပေးပါ။ သတိပြုရမယ့် အချက်က အချို့သော ဓါတ်ဆားထုတ်တွေက ရေ 200ml ရေတစ်ဖန်ခွက်နဲ့သာ ဖျော်သောက်ရတဲ့ အထုပ်လေးတွေရှိတာကြောင့် ဆေးဆိုင်မှာ တစ်ခါထဲ သေချာအောင်မေးပါ။

     အစာကိုတော့ အစာကြေလွယ်တဲ့  ပျော့ပျော့ပြောင်းပြောင်းဖြစ်တဲ့ အစားအစာတွေ ရွေးချယ်စားသုံးရပါမယ်။ ဥပမာ - ထမင်းပျော့ပျော့၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ကြာဇံပြုတ် စတာတွေစားပါ။ ဒါ့အပြင် ဆုံးရှုံးသွားတဲ့ potassium အတွက်လည်း အုန်းရည်သောက်ပေးတာ ဖီးကြမ်းဌက်ပျောသီး အရည်ရွှမ်းတဲ့ အသီးအနှံလေးတွေ စားပေးဖို့လည်း လိုအပ်ပါတယ်။ အရက် ကော်ဖီ နွားနို့ ရယ်ဒီမိတ်အချိုရည်ဘူးများ အဆီများသော အစားအစာများ ရှောင်ရပါမယ်။ အစာမစားမီ အစာစားပြီးနဲ့ အိမ်သာဝင်အပြီးမှာ လက်ကို ရေ၊ ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးပါ။

     ကူးစက်မှုမြင့်တဲ့မြန်တဲ့ ဝမ်းရောဂါဆိုရင်တော့ လူနာကို စနစ်တကျကိုင်တွယ်ရမယ့် အပြင် အခြားသူများနဲ့ သီးခြားခွဲထားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များနဲ့ နာတာရှည်ရောဂါရှိသူများ (သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကျောက်ကပ်အားနည်းတဲ့ လူနာ) ကတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် နီးစပ်ရာမှာ ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။

     

     

     

     

    in General Health
    မိုးရာသီ နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများ